top of page
Search
  • Writer's pictureLewis aung

လက်ရှိ အမေရိကန် Stock Market ထိုးကျနေရတဲ့ အဓိကအကြောင်းအရင်းများ။

Stock Market မှာ ရင်းနှီးမြှုပ်နှံနေတဲ့ သူတွေဆိုရင် ဒီ November တစ်လလုံးနီးပါး Stock တွေထိုးကျနေတာ သတိထားမိမှာပါ။ တစ်ချို့ Stock တွေဟာဆိုရင် ပြီးခဲ့တဲ့ 2019,2020 Covid အရမ်းအခြေအနေဆိုးနေတဲ့ အချိန်က ဈေးတွေရဲ့ အောက်ကိုတောင် ရောက်နေကြပါပြီ။ ဒါဟာတကယ်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။ ယခုလို Stock ဈေးတွေ ဘာကြောင့်ထိုးကျ နေရသလဲဆိုတဲ့ အကြောင်းအရင်းတွေကို ကျတော် ဒီဆောင်းပါးမှာ တစ်ချက်ချင်းရှင်းပြသွားပါမယ်။


1. New Corona Virus Variant

ဒီအချက်ကတော့ ထွေထွေထူးထူး ရှင်းပြနေစရာလိုမယ်မထင်ပါဘူး။ အာဖရိကမှ စတွေ့တဲ့ Virus မျိုးကွဲအသစ်ဟာ အခုဆိုရင် နိုင်ငံတော်တော်များများကို ပျံ့နှံ့ လာပြီဖြစ်သလို အမေရိကန်မှာလဲ ပထမဦးဆုံး ကူးစက်ခံရသူကို မနေ့က SanFrancisco မှာ စတင်တွေ့ရှိခဲ့ပါတယ်။


2. Wealth Tax

အမေရိကန်အခွန်ဥပဒေမှာ Stock တစ်ခုဟာ ဘယ်လောက်ပင်မြတ်နေပါစေ မရောင်းမချင်း အခွန်ကောက်လို့မရပါဘူး။ ရောင်းလိုက်မှ Realized gain ဖြစ်တဲ့ အတွက် အရှုံး၊အမြတ်ကိုရောင်းတဲ့ အချိန်မှ သတ်မှတ်လို့ရပါတယ်။ မြတ်တဲ့ အမြတ်ကို အခွန်ပေးရာမှာ Short-term Capital gain tax နဲ့ Long-term Capital gain tax ဆိုပြီး 2 မျိုးရှိပါတယ်။ တိုတိုနဲ့ လိုရင်းရောက်အောင်ပြောရရင် Stock တစ်ခုကိုဝယ်ပြီး 365 ရက်မပြည့်ခင် ပြန်ရောင်းလို့ မြတ်မယ်ဆိုရင် Short-term Capital gain Tax ပေးရမယ်။ 365 ရက် ကျော်မှ ရောင်းရင် Long-term Capital gain tax ပေးရမယ်။ Long-term Capital gain tax က Short-term Capital gain tax ထက် အခွန်ပိုသက်သာပါတယ်။ (ဆောင်းပါး အရမ်းရှည်သွားမည်စိုးသောကြောင့် အကျယ်မရှင်းပြတော့ပါ)

အဲဒီတော့ ငွေamount ကြီးကြီးနဲ့ ကစားတဲ့ Billionaire တွေဟာ အခွန်သက်သာအောင် Stock တစ်ခုကိုဝယ်ပြီးရင် အချိန်တော်တော်ကြာတဲ့အထိ မရောင်းဘဲကိုင်ထားလေ့ရှိကြတယ်။ အနည်းဆုံးတစ်နှစ်ကျော်ကိုင်ထားပြီးမှ ရောင်းလို့မြတ်တယ်ဆိုရင် ပေးရမယ့်အခွန်လဲသက်သာတာပေါ့ဗျာ။

အခုပြဿနာက လက်ရှိအမေရိကန်အစိုးရက Stock ကိုရောင်းရောင်း၊မရောင်းရောင်း အခွန်ကောက်ဖို့ ကြိုးစားနေတာပါ။ Stock ဆိုတဲ့ သဘောတရားက ကိုယ်ထုတ်မရောင်းသေးသ၍ ချက်ချင်းဆိုသလို မြတ်ထားသမျှပြန်ကျနိုင်ပါတယ်။ အဲတော့ ကျတော်Tax Expert တစ်ယောက်အနေနဲ့ အစိုးရကို မေးခွန်းပြန်ထုတ်ချင်တာက Unrealized gain ကို အခွန်ကောက်မယ်ဆိုရင် မရောင်းသေးဘဲ ရှုံးနေတဲ့ Unrealized loss ကိုကော အရှုံးအနေနဲ့ ပေးနှုတ်မှာလား? ဒါမှပဲ Fair ဖြစ်မယ်လေ။

နောက်တစ်ချက်က US Stock Market အခုလို နှစ်ပေါင်းရာချီ တည်ငြိမ်နေတာ Billionaire တွေက သူတို့ ပိုင်ဆိုင်တဲ့ Stock တွေကို တော်ရုံ အရောင်းအဝယ်မလုပ်ကြဘဲ ခိုင်ခိုင်မြဲမြဲ ကိုင်ထားကြလို့ပါ။ ဘာလို့ကိုင်လဲ အခွန်သက်သာလို့ပါ။ အခု ရောင်းရောင်း၊ မရောင်းရောင်း အခွန်ကောက်မယ်ဆိုရင်တော့ Billionaire တွေလဲ Retail Trader တွေလိုဘဲ ဒီနေ့ဝယ်၊ ဒီနေ့ရောင်း။ ဒီနေ့ဝယ် နောက်တစ်ပတ်ရောင်း စတဲ့ ပုံစံမျိုးတွေဘဲ Trade ကြရင် US stock market ကြီးဟာ ဈေးတွေခုန်တက်လိုက် ခုန်ဆင်းလိုက် နဲ့ ပြိုလဲသွားဖို့ပဲရှိပါတယ်။ လက်ရှိအစိုးရရဲ့ Wealth Tax ကောက်ဖို့ ကြိုးပမ်းမှုဟာ Long-term investor တွေကို လက်တွန့်သွားစေပြီး နောက်ဆုံး Market တစ်ခုလုံးတောင် ပြိုလဲသွားစေနိုင်ပါတယ်။

3. Inflation

လက်ရှိ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ယခု 2021 တစ်နှစ်ထဲမှာကို ကြောက်ခမန်းလိလိ တက်လာခဲ့တာ မိတ်ဆွေတို့ ဈေးဝယ်ဖို့ Super Market သွားရင်တောင် မျက်မြင်ပါဘဲ။

Super Market တွေသိပ်မရောက်ဖြစ်တဲ့ ကျတော်တောင် last week ကဝယ်စရာတစ်ခုရှိလို့ အိမ်နားက ဝယ်နေကျ Super Market တစ်ခုကိုရောက်တော့ ဝယ်နေကျ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို မြင်ပြီး မျက်လုံးပါပြူးပါတယ်။ အရင်က ဝယ်စားနေကျ $2.99 တန်နေကြာစေ့တစ်ထုပ် ကအခု $4.99၊ အရင်က $5 ပတ်ဝန်းကျင်ရှိတဲ့ Whole Milk နွားနို့တစ်ဗူးက အခု $9-$10 ဝန်းကျင်ဖြစ်နေပါပြီ။

ဒါတွေဟာ မလိုအပ်ပဲ Federal Minimum Wage ကို ဇွတ်တိုးခဲ့တာတွေ၊ အစိုးရရဲ့ ဘတ်ဂျက်တွေကို တကယ်လိုအပ်နေတဲ့ နေရာတွေကို ထိထိရောက်ရောက် ကျစ်ကျစ်လစ်လစ် အသုံးမပြုတတ်ဘဲ အလဟသ ဖြုန်းနေတာတွေကြောင့် ပြည်သူတွေ တကယ်ရလိုက်တဲ့ ထောက်ပံ့ကြေးက နှစ်ပဲ၊တစ်ပြားသာသာ။ Inflation ကြောင့် စားဝတ်နေရေး ကုန်ကျစားရိတ်တွေ အကုန်ခေါင်ခိုက်ကုန်ပြီး ကျပ်တည်းလာမှာက ဧကန်မလွဲပါဘဲ။

ဒါကိုတောင် အိမ်ဖြူတော်တာဝန်ရှိသူတွေက Inflation ဖြစ်တာ Economy အတွက်ကောင်းတယ်လို့ အသံထွက်ရဲတဲ့ သူက ပြောခဲ့ပါသေးတယ်။ ပုံမှန်ဆိုရင် Inflation ဖြစ်ရင် Stock Market တက်ပါတယ်။ အခုဖြစ်နေတဲ့ Inflation က အခြေအနေမတူပါဘူး။ လောလောဆယ်က Pandemic ကြောင့် ပြည်သူတွေ အလုပ်ပြုတ်သူကပြုတ်၊ စီးပွားရေး ပျက်သူကပျက် ဖြစ်နေတဲ့ အခြေအနေပါ။ ဒီအခြေအနေမှာ Inflation ဖြစ်တော့ လဲကျတဲ့ သူတွေ အဘယ်သို့ နလံပြန်ထနိုင်မည်နည်း?

ကုန်ဈေးနှုန်းတွေတက်သော်ငြားလဲ ပြည်သူတွေက ငွေမသုံးနိုင်တော့ပါ။ ပြည်သူတွေ ငွေမသုံးနိုင်တော့ Business တွေလဲ အလုပ်မဖြစ်။ Business တွေ အလုပ်မဖြစ်တော့ Company ရဲ့ Quarterly Earning တွေမှာအမြတ် ကောင်းကောင်းမပြနိုင်။ Earning မှာ အမြတ်မပြနိုင်တော့ Stock တွေထိုးကျ။ ဒါတွေအားလုံးဟာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း ဆက်စပ်နေပါတယ်။


4. Supply-Chain problem

လက်ရှိဖြစ်ပေါ်နေတဲ့ အဆိုးဆုံးပြဿနာ တစ်ခုပါ။ အခုဆိုရင် ကုန်ပစ္စည်းတင်တဲ့ သင်္ဘောတွေက ဆိပ်ကမ်းတွေမှာ စုပုံပြီး ပိတ်ဆို့နေပါပြီ။ ဘာကြောင့် ပိတ်နေသလဲဆိုတော့ ကုန်ပစ္စည်းတွေချဖို့ အလုပ်သမားလုံလောက်မှုမရှိလို့ပါတဲ့။

ဟာ အမေရိကန်မှာလောလောဆယ် ဒီလောက် အလုပ်လက်မဲ့များနေတာ ဘာလို့ အလုပ်သမား ရှားပါးနေရတာလဲလို့ Company ပိုင်ရှင် ကျတော့်မိတ်ဆွေ တစ်ဦးကို မေးကြည့်တယ်။ အမေရိကန်ဥပဒေအရ ဝန်ထမ်းတစ်ယောက်ကို တရားဝင် ခန့်ပြီးရင် အလုပ်ပြန်ဖြုတ်ဖို့ခက်ခဲတာကြောင့် လောလောဆယ် စီးပွားရေး မကောင်းကြလို့ Company တွေက ဝန်ထမ်းစားရိတ် မတက်နိုင်တော့ အများကြီးမခန့်ရဲကြဘူးလေတဲ့။ ဟုတ်တော့ဟုတ်ပါတယ် အခုအရေးတကြီးလိုနေတုန်းသာ ခန့်ပြီး မလိုတော့ရင် ဒီအလုပ်သမားတွေကို လခတွေ Benefit တွေ ဆက်တိုက်ပေးနေရမှာ မလွယ်ပါဘူး။

အဲတော့ ကျတော်က အကြံပေးကြည့်တယ်။ ဝန်ထမ်းအသစ်ခန့် လို့ အဆင်မပြေရင် Independent Contractor အနေနဲ့ ခေါ်ပြီး 1099 နဲ့ လစာပေးလိုက်ရင်ကောဆိုတော့ ဆိပ်ကမ်းဥပဒေအရ ဆိပ်ကမ်းမှာ အလုပ်လာလုပ်မယ့် အလုပ်သမားတိုင်းဟာ Union member ဖြစ်ရပါမယ်တဲ့။ ဟိုက်သေရောဘဲ။Union member ဖြစ်ဖို့ဆိုရင် တရားဝင်ခန့်မှကိုရမယ်လေ။ တရားဝင်ခန့်ရင် Benefit တွေပေးရသလို ပြန်ဖြုတ်ရင် လဲ လျော်ကြေးပေးရအုံးမယ်။ Company တွေအတွက် တကယ်တိုင်ပတ်နေတဲ့ အခြေအနေ။

မြန်မာပြည်မှာဆိုရင် တွေ့ရာအလုပ်သမားခေါ်ပြီး ပစ္စည်းချလိုက်ရုံဘဲ။ အမေရိကန်မှာတော့ ကိုယ်ထုတ်ထားတဲ့ ဥပဒေတွေနဲ့ အခုကိုယ့်ဟာကို တိုင်ပတ်နေလေရဲ့။ ပြည်တွင်းမှာ လခဈေးကြီးလို့ 90% သော အမေရိကန် ကုမ္ပဏီတွေက ပြည်ပမှာ စက်ရုံတည်ပြီး ပစ္စည်းထုတ်ကြတယ်။ အခု သင်္ဘောဆိပ်တွေမှာ ကုန်ပစ္စည်းတွေကရောက်နေပြီ။ အလုပ်သမား မလုံလောက်တော့ ရောင်းဖို့ ပစ္စည်းကချမရ။ အဲတော့ ဝယ်သူ Customer တွေလက်ထဲ အချိန်မှီမပို့ပေးနိုင်။

ကုန်ပစ္စည်းတွေ ဆိပ်ကမ်းတွေမှာ Stuck ဖြစ်နေတော့ ရင်းနှီးမြှုပ်နှံသူတွေက အဲဒီ ကုမ္ပဏီတွေရဲ့ စတော့တွေကို ဝယ်မယ့်သူက လက်တွန့်၊ ကိုင်ထားတဲ့သူက ထုတ်ရောင်းကြတော့ စတော့တွေထိုးကျ တာပေါ့။


5. Preparation for the Tax season နောက်ဆုံးတစ်ချက်ကတော့ အမေရိကန်မှာ နှစ်စဉ် ဖြစ်နေကျ နှစ်ကုန်ခါနီး Investor တွေ အခွန်သက်သာအောင် ရှုံးနေတဲ့ Stock တွေကို ထုတ်ရောင်းပြီး ရက် 30 စောင့်ပြီးမှပြန်ဝယ်ကြတဲ့ ဓလေ့ပါ။ အဲတော့ တစ်နှစ်လုံး ထိုးကျလာတဲ့ Stock တွေဟာဆိုရင် November, December လရောက်ရင် ပိုပြီးထိုးကျတတ်တာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။

အဆုံးသတ်အနေနဲ့ Investor တွေကို သတိပေးချင်တာက ဒီတစ်ခေါက် Stock Market ထိုးကျတာဟာ အရင်တစ်ခေါက်က Covid ကြောင့်ထိုးကျတာနဲ့ အခြေအနေမတူဘဲ ပို၍စိုးရိမ်စရာ ကောင်းလှပါတယ်။ အထက်ပါ ပြဿနာတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လက်ရှိ အာဏာရအစိုးရ အပေါ်အများကြီးမူတည်ပါတယ်။ အလျင်မြန်ဆုံး ဖြေရှင်းနိုင်မယ်လို့လဲ မျှော်လင့်မိပါတယ်။ ထိုသို့မဖြေရှင်းနိုင်လျှင်တော့……


ခင်လျက်။ Lewis Aung (Lewis Aung Taxes & Insurance )

89 views0 comments
bottom of page